Pages

Tuesday 7 February 2012

Generator Synchronizing, Parallel Operation နဲ့ Load Sharing (၄)

 မြန်မာအင်ဂျင်နီယာဖိုရမ်မှာ၊ အင်ဂျင်နီယာနဲ့ နည်းပညာဘာသာရပ်ဆိုင်ရာ၊ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး၊ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ လေ့လာထားသူ၊ အကို၊ အမတွေ အမြဲဆွေးနွေးလေ့ ရှိပါတယ်။ အကို၊ အမတွေဟာ ကမ္ဘာအရပ်ရပ်မှာနေထိုင်ကျသူတွေဖြစ်ပြီး၊ on line ကိုအသုံးပြုကာ၊ မြန်မာ အင်ဂျင်နီယာဖိုရမ် ရဲ့ စာမျက်နှာတွေ မှာ၊ ဆွေးနွေးကျတာဖြစ်ပါတယ်။ အဲဒီထဲမှ Generator တွေကို၊ အတူ ပူးတွဲကာ၊ အပြိုင်မောင်းနှင်ခြင်းကို ပြန်လည် ကူးယူဖော်ပြပါတယ်။ ပါဝင်ဆွေးနွေးကျသူတွေကတော့ ကိုအောင်ဇော်ဦး၊ ကိုထွန်း၊ ကို blessing၊ ကိုလင်း၊ ကို thurein 27ကို Htet Soe Paing၊ ကို Deep Blue နဲ့ မအေရာမေ တို့ဖြစ်ပါတယ်။ 


ကို thurein 27 အကို ကိုထွန်း ခင်ဗျား။ Shaft Generator နဲ့ main Generator parallel မောင်းတာ ကို၊ နဲနဲထပ်ပြီး အသေးစိတ် ပြောပြပေး ပါခင်ဗျာ။ ဘယ်အခြေအနေမှာ Parallel မောင်းတာလဲခင်ဗျာ။ Alongside/ Harbour mode မှာ မောင်းတာလား ... sea going mode မှာမောင်းတာလား ခင်ဗျာ။

ကျွန်တော် မှတ်သားဖူးတာက "shaft Generator နဲ့ main Generator ကို short time paralleling သာ လုပ်နိုင်ပါသည် တဲ့။ parallel လုပ်ပြီး shaft Generator ထံ load shifting လုပ်ပြိးနောက် main Generator ကို shutdown လုပ်ပေး ရသည် (သို့) standalone သာ မောင်းရသည်လို့ မှတ်သားမိလို့ပါ။ ထို့အတူ Shaft generator (2) လုံးကိုလည်း paralleling လုပ်လို့ မရပါဘူးလို့ မှတ်သားမိပါသည်။ အဓိက အကြောင်းကိုတော့ load control ခက်ခဲခြင်း၊ load sharing/ governor control ခက်ခဲခြင်းကြောင့်လို့" မှတ်ထားမိပါသည်။

ကျွန်တော်က လျပ်စစ်ဒီဇိုင်းအင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်နေတဲ့သူပါ။ ဒီဇိုင်းသမား ဆိုတော့ ပိုဆိုးသည်။ မျက်မမြင် ပုဏ္ဏားများ ဆင်ကို စမ်းနေကြတဲ့ အဖြစ်မျိုး ဖြစ်နေသည်။ လက်တွေ့ထက်၊ သီအိုရီတွေနဲ့ ပိုပြီး ထိတွေ့၊ လုပ်ကိုင်နေရပါသည်။ ဒါကြောင့် အကိုတို့၊ အမတို့ ဆီက လက်တွေ့များကို ပညာဆည်းပူးနေခြင်း ဖြစ်ပါသည်။ အဲ့ဒီအတွက် ကျေးဇူးတင်ရှိပါသည်။

ကိုအောင်ဇော်ဦး။ အမ အေရာမေရေ...။ speed sensing အတွက် techo-generator ကနေလည်း ယူတာရှိပါတယ်။ techogenerator ကနေ AC voltage တစ်ခုကိုထုတ်ပေးပါတယ်။ 1 - way direction RPM meter တွေအတွက်၊ ထွက်လာတဲ့ AC ကို sense လုပ်ပြီး rpm ပြနိုင်ပေမဲ့ ၊ 2 - way directional rpm meter တွေကတော့ diode အကူအညီယူပြီး၊ DC change ကာ လိုအပ်သလို၊ polarity change ပြီး rpm ကိုဖတ်နိုင်တာကိုတွေ့ရပါတယ်။

ကျွန်တော်ဆွေးနွေးချင်တာက၊ သတ်မှတ် RPM မှာရရှိလာတဲ့ (techogenerator ကထုတ်တဲ့) voltage sensing ကိုယူပြီး၊ RPM sensing relay or voltage sensing relay contact ကိုပေးကပ်စေမယ်။ ဒီ contact ကနေ exiciation ကိုကျွေးပြီး reated out voltage တခုများထုတ် မပေးနိုင်ဘူးလား ခင်ဗျာ။ ဥပမာပေါ့... under voltage trip relay တို့လို ဘယ်လောက် voltage ကျဆင်းရင်၊ MCB ကိုဖြုတ်ချသလို၊ techogenerator ကထွက်တဲ့ voltage ကို sense လုပ်နိုင်တဲ့ relay များ ကူညီနိုင်မလားလို့ပါ။ အချိန်တွေပြောင်းလာလို့ control system တွေတိုးတက်ကောင်းမွန်လာတာပါ။ အတိတ်က generator တွေမှာ၊ AVR card အကုန်ရှိနိုင်ပါ့မလား။ ကျွန်တော်ကပေါက်ကရ တွေးတတ်လို့ပါ။

ကိုအောင်ဇော်ဦး။ အကို အမတို့ ရေ... ကျွန်တော်ပေါက်တက်ကရ၊ မေးတယ်ဆိုပြီး၊ စိတ်မဆိုးကြ ပါနဲ့နော်။ ဦးဦးဒိ ကလည်း သိချင်ရင် မရှက်မကြောက်မေးဆိုလို့ပါ။ ကျောင်းတုန်းကဆို လုပ်ငန်းခွင်နဲ့ အစပ်အဆက်မရှိတော့၊ ဆရာတွေကို ဘာမေးရမှန်းကို မသိတာ။ အခုမှသိချင်တာတွေကများလာလို့ပါ။

မအေရာမေ။ အစ်ကိုသူရိန်ရေ ...အစ်ကို မှတ်ထားတဲ့ Short time paralleling သာလုပ်နိုင်တယ် ဆိုတာလည်း မှန်တယ်လို့ပြောနိုင် ပါတယ်။ အေ၇ာ လည်း ဆက်စပ်မှုရှိသူတွေကို အတော်လေး နားပူတိုက်ပြီး စပ်စုကြည့်ဖူးလို့သိရတာပါ။

Shaft Generator ၀င်လာပြီး Load shifting ကိုအလိုအလျောက်ယူပြီးတာနှင့် မူလ Generator ကလည်း အလိုအလျောက် ထွက်သွားတာတောင် ရှိတယ်လို့ကြားဖူးတာပါ။ အဲဒါမျိုးက ရိုးရိုး Generator တစ်ခုကို Main Engine လည်အားမှတဆင့် Gear Box ခံပြီးမောင်းတဲ့ ပုံမှန် Frequency ထုတ်ပေးနိုင်တဲ့ စက်ဖြစ်ပုံ ရပါတယ်။ ဒီတော့ Frequency သတ်မှတ်ချက်တူတဲ့ စက်အခြင်းခြင်း Parallel တွဲရာရောက်တယ်လို့ ခန့်မှန်းမိပါတယ်။ ကြာကြာတွဲမောင်းထားလျှင် Main Engine ဘက်က အကြောင်းတစ်ခုခုကြောင့် Speed အတက်အကျပြောင်းလဲစရာရှိခဲ့လျှင် Shaft Generator ရဲ့ Frequency လိုက်လံပြောင်း လဲစေမှာဖြစ်လို့ အဆင်မပြေမှုတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။

Shaft Generator နောက်တစ်မျိုးကတော့ Main Engine ရဲ့ Shaft ပေါ်မှာ Main Rotor ကို တိုက်ရိုက် ထိုင်ထားတာမျိုးလို့ ထင်ပါတယ်။ အဲဒါမျိုးတွေက Low speed နှင့်သုံးစွဲနိုင်တယ်ဆိုပေမယ့် Low Frequency ပဲထုတ်ပေးနိုင်တာလို့ မှတ်သားဖူး ပါတယ်။ အဲဒီလို ပုံမှန် Frequency အောက်ရှိနေတဲ့ ဓါတ်အားကို Rectifier တွေ Inverter တွေ Compensator အဆင့်ဆင့် ခံပြီး ထူးရှယ် နည်းတွေနှင့် မွန်းမံပြင်ဆင်လာခဲ့ပြီးမှ မူလ Generator နှင့် လာတွဲနိုင်တာလို့ဆိုပါတယ်။

ထူးရှယ်နည်းလမ်းတွေရဲ့ စွမ်းဆောင်မှုကြောင့် Shaft Generator ရဲ့ Speed အပြောင်းအလဲ နည်းနည်းပါးပါးက Inverter ကြီးရဲ့ output voltage နှင့် Frequency ကို မထိခိုက်စေဘူးလို့ပြောကြတာ ပါပဲ။ အကျိုးကျေးဇူးကတော့ ကြာကြာ Parallel တွဲချင်သပဆိုလည်း ရပါတယ်လို့ဖြစ်မယ်ထင်ပါတယ်။ ထူးရှယ်တွေဟာကိုး။

မအေရာမေ။ ဆရာတွေက ဘာမေးရမှန်းမသိသူတွေဆို... ဘာပြောရမှန်းမသိတော့တာလား။ သိချင်စိတ်မရှိ မေးချင်စိတ် မရှိ နားထောင်ချင်စိတ်မရှိ ပုံစံတွေပေါက်နေလို့ မပြောဖြစ်တာလား။ အင်း...တော်သေးတာပေါ့။ သိချင်လာပြီဆိုတော့လည်း၊ သိလာနိုင်စရာ အခွင့်အလမ်းလေးတွေပေါ်ပေါက် လာလို့။ သိချင်လာတာကိုရော၊ ဖန်တီး/ ဖြေရှင်း ပေးသူများကိုရော၊ အားလုံးကိုကျေးဇူး အထူးပါရှင်။ 

ကိုထွန်း။ ကိုသူရိန် ရဲ့ ဆွေးနွေးချက်တွေမှာ၊ parallel operation & load sharing မှ bus coupler system တွေ အတွက်၊ ဆွေးနွေးစေဖို့ သတိပေးတာကိုလည်း၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ သဘော်သားဘဝတုန်းက၊ အတွေ့ အကြုံလေးတွေထဲမှ၊ ဆွေးနွေးပါ့မယ်။ ကျွန်တော်လည်း belt driven shaft generator တွေကနေ၊ transmission Gear Box ခံပြီး drive လုပ်တဲ့ shaft generator တွေ အထိသာ၊ ကြုံခဲ့ဖူးပါတယ်ခင်ဗျား။

ကိုထွန်း။ shaft Generator နဲ့ parallel operation အကြောင်းမစခင်၊ ပထမဆုံး Technical Specification ရွေးချယ်မှုနဲ့ Design ဆိုင်ရာတို့နဲ့၊ ပက်သက်တဲ့၊အတွေ့အကြုံလေးတခုကို ဆွေးနွေးပါ့မယ်။ သဘော်က tanker လို့ခေါါတဲ့၊ ရေနံတင်သဘော်ပါ။ generator prime-mover Engine ဟာ၊ CATERPILLAR 3412, 12 cylinder unit V Type engine ဖြစ်ပြီး၊ generator ကတော့ 500 KW capacity ရှိပါတယ်။ စုစုပေါင်း (၃) လုံး တတ်ဆင်ထားပါတယ်။ No. (1) Generator နဲ့ No. (2) Generator တွေရဲ့ ACB ကို၊ Main Swich Board မှ No.(1) main feeder panel side မှာထားပြီး၊ No. (3) generator ACB ကို၊ No. (2) feeder panel side မှာတတ်ဆင် ထားပါတယ်။ feeder panel (၂) ခု ကို၊ bus coupler MCB နဲ့ဆက်သွယ်ပေးပါတယ်။


Fig. Main Switch Board, Generator ACB and Bus Coupler ACB

No. (1) Feeder Panel မှာ၊ capacity (700) Cu.meter per hr. ရှိတဲ့၊ electric motor operated Screw Type Pump (၃) လုံးအပါအဝင်၊ 'Essential & Non-essential Load' တွေအားလုံးရှိပြီး၊ No. (2) Feeder Panel မှာတော့၊ (450) KW capacity electric motor operated Bow Thruster MCB ရှိ ပါတယ်။ Alongside/ Harbour mode မှာ၊ cargo operation အတွက်၊ No. (1) နဲ့ No. (2) generator, No.(1) နဲ့ No. (3) Generator, No. (2) နဲ့ No. (3) generator အစရှိသလို နှစ်သက်ရာ ကိုရွေးချယ်ပြီး၊ parallel operation အနေနဲ့ အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် bow thruster သုံးမယ် ဆိုရင်တော့၊ bow thruster MCB ကို 'ON' ဖို့၊ feeder panel (၂) ခုရဲ့ conjunction ဖြစ်တဲ့ bus coupler MCB ကို၊ 'OFF' လုပ်ရပါတယ်။ bus coupler MCB ကို၊ 'OFF' မလုပ်ပဲ၊ bow thruster MCB ကို 'ON' လို့မရစေဖို့၊ inter-locking arrangement ကို ထည့်သွင်းတတ်ဆင်ထားပါတယ်။

bus coupler MCB ကို၊ 'OFF' ဖြစ်သွားတဲ့အတွက်၊ No. (1) နဲ့ No. (2) Feeder Panel (၂) ခုဟာ၊ သီးခြားစီ ဖြစ်သွား ပါတယ်။ No. (1) Generator နဲ့ No. (2) Generator ကို၊ parallel operation အနေနဲ့ Essential & Non-essential Load တွေအတွက်သုံးပြီး၊ No. (3) Generator ကိုတော့ bow thruster operation အတွက်သီးသန့်၊ သုံးစေဖို့ design အရ ရည်ရွယ်တတ်ဆင်ထားတာဖြစ်ပါတယ်။

bow thruster ကို Essential & Non-essential load တွေနဲ့တွဲသုံးမယ်ဆိုရင်၊ အထက်မှာ ကိုသူရိန် ဆွေးနွေးခဲ့သလို 'parallel operation မောင်းနှင်ထားစဉ်မှာ၊ load control ပြုလုပ်ရန် ခက်ခဲခြင်းနဲ့  load sharing သို့မဟုတ် governor control ပြုလုပ်ရန်ခက်ခဲခြင်းတွေ ဖြစ်ပေါါလာနိုင်တဲ့ အတွက်' သီးသန့်ခွဲထုတ်ထားခြင်းဖြစ်ပါတယ်။

သီးသန့်ခွဲထုတ်ထားတဲ့အတွက်၊  bow thruster operation ဟာ၊ No. (1) Feeder Panel မှ၊ Essential & Non-essential load တွေကို အနှောက်အယှက်မပေးပေမယ့်၊ မှားယွင်းတဲ့ Technical Specification ရွေးချယ်မှုကြောင့်၊ bow thruster control system နဲ့ No.3 Generator ACB control system ကို ဒုက္ခပေးပါတော့တယ်။ ဒီဆွေးနွေးချက်ရဲ့ အစမှာ၊ Generator ဟာ (500) KW capacity ရှိပြီး၊ bow thruster motor ကတော့ (450) KW capacity ရှိကြောင်း၊ ဖော်ပြခဲ့ပါတယ်။

သဘော်က၊ အသစ်ဆောက်ပြီး သဘော်ကျင်းမှ ထွက်လာတာပါ။ bow thruster operation system ကို commissioning မလုပ်ရသေးဘူးလို့သိရပါတယ်။ critical equipment အနေနဲ့ မသတ်မှတ်တဲ့ အတွက်၊ စစ်ဆေးပေးရမယ့် Classification Society မှ ခွင့်ပြုလိုက်ပုံရပါတယ်။ ဒီနေရာမှာ Load Calculation တွေ ကိုမဆွေးနွေးပဲထားခဲ့ပါမယ်။

(500) KW capacity ရှိတဲ့ Generator ဟာ၊ (450) KW capacity ရှိတဲ့၊ bow thruster မှ (100) % pitch angle load ကိုမနိုင်တာတွေ့ရပါတယ်။ pitch ကို (30) %, (50) %, (70) % အစရှိသလို၊ တဖြည်းဖြည်း တစ်ဆင့်ခြင်း operated လုပ်စေပေမယ့်၊ (85) % မှာ၊ ACB ဟာ over-current Trip နဲ့ under voltage trip တွေနဲ့၊ ပြုတ်ကျပါတော့တယ်။ တစ်ဆင့်ခြင်းမောင်းပါတယ်ဆိုတာကို Report အရ သိရပေမယ့်၊ မယုံပါဘူး။ မောင်းချင်သလိုမောင်းကျမယ်.. ဆိုသလို  (30) % ကနေ၊ (90) % ကို ရုတ်တရက်၊ တင်လိုက်မယ်ဆိုတာ သဘော်သားဘဝ operation level တုန်းက ရခဲ့တဲ့အတွေ့အကြုံအရ၊ ခန့်မှန်းမိ ပါတယ်။


Fig. ACB - Air Circuit Breaker

ACB protection system မှ၊ setting တွေကို လိုအပ်သလို၊ အတိုးအလျှော့လုပ်ကြည့်စေပါတယ်။ အဲဒီအခါ ACB ဟာ trip မဖြစ်ပေမယ့်၊ bow thruster control system မှ PLC unit တွေ၊ analog unit တွေ "လောင်" ပါတော့တယ်။ pitch (90) % ကိုဆွဲလိုက်တာနဲ့ voltage ဟာ (440) V မှ၊ (390 ~ 400) V လောက်အထိထိုးကျကာ၊ current ဟာလည်း (860) Amp လောက်အထိထိုးတက်တာပါတယ်။ generator AVR နဲ့ prime mover ရဲ့ governor အပါအဝင်၊ fuel injection system တွေဟာ Engine အသစ်ချက်ချွတ်မို့၊ response ကောင်းလှ ပါတယ်။ အချိန်တိုလေးအတွင်းမှာ၊ load ကြောင့် ကျဆင်း သွားတဲ့ prime-mover Engine ရဲ့ RPM နဲ့ generator output voltage ကို ပြန်တင်ပေးနိုင်ပေမယ့်၊ bow thruster control system ပိုင်းကတော့ မခံနိုင်ပါဘူး။ (၂) ပါတ်တစ်ခါလောက် "လောင်" တတ် ပါတယ်။

Generator ဟာ load ကိုမနိုင်မနင်း ထမ်းနေရတယ်လို့ ယူဆပြီး၊ ပထမဆုံး bow thruster ရဲ့ pitch angle ကို၊ (75) % အထိသာသုံးစေဖို့၊ limit အနေနဲ့ control system မှာ inter-lock ထည့်စေပါတယ်။ တစ်ခါ၊ bus coupler MCB နဲ့ bow thruster MCB ရဲ့ inter-locking system ကိုဖယ်ရှားပစ်လိုက် ပါတယ်။ သိပ်အထူးအဆန်းတော့မဟုတ်ပါဘူး။ ACB (၂) ခုရဲ့ UVT coil တွေမှ spindle လေးတွေကို ဖြုတ်ထားလိုက်တာပါ။ အဲဒီအခါ၊ No. (1) Feeder နဲ့ No. (2) Feeder ဟာတစ်ဆက်တည်းဖြစ်သွားပြီး၊ No. (3) Generator နဲ့ အခြား Generator တစ်လုံးကို၊ bow thruster operation မှာ Parallel မောင်းလို့  ရသွားပါတယ်။

Bow Thruster နဲ့ Main Switch Board မှ၊ Maker ရဲ့ Attending Engineer တွေကို၊ အကြံပေးတဲ့အခါ၊ တစ်ဘက်နဲ့ တစ်ဘက်လွှဲချနေတဲ့အတွက်၊ တာဝန်ယူပါတယ်ဆိုပြီး၊ လုပ်ခိုင်းရပါတယ်။ အခုဆို  modify လုပ်ပြီးသုံးခဲ့တာ (၂) နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သလို၊ ဒီနေ့အထိဘာမှပြသနာမပေးတော့ပါဘူး။ ဒီပြသနာရဲ့ အဓိက အကြောင်းရင်းကတော့၊ Design အရမှန်ပေမယ့် Technical Specification ရွေးချယ်မှုအပိုင်းမှာ မှားယွင်းခဲ့ခြင်းဖြစ်ပါတယ်။ သုံးထားတဲ့ Brand Name တွေကို၊ ထည့်မရေးသင့်ဘူးလို့ယူဆပြီး မဖော်ပြပဲ ထားခဲ့ပါတယ်။

ကိုလင်း အားရစရာ ကောင်းတယ် ကိုထွန်း ရေ...ကျနော်တို့ အင်ဂျင်နီယာများ သေချာပေါက်ကြုံရမယ့်၊ အခက်အခဲကို တိတိကျကျ ရေးပြထားတာကို အားရတာပါ၊ ရှင်းအောင်ပြောရရင် လုပ်ငန်းခွင် မှာ ပြောရငြင်းရတာကလဲ ဒီအပိုင်းပါဘဲ၊ ကျနော်တို့ အားလုံး စာသင်ခန်းမှာ သီအိုရီများ တွက်ချက်မှုများနဲ့ Design ကိုသိထားခဲ့ပေမယ့်၊ Technical Specification /Spec Analysis လုပ်တာကျတော့ လုပ်ငန်းခွင် ထဲမှာမှတွေ့ရလိမ့်မယ်လို့ ကျနော်မြင်သလောက် ပြောချင်ပါတယ်၊ 

ဒါကလဲ ကျနော်တို့ ကြီးပြင်းခဲ့ရတဲ့ ပညာရေးမှာ သင်ကြားရေးအထောက်အကူ စက်တွေ နည်းပါးတာလဲ ပါ ပါလိမ့်မယ်။ R & D ဆိုတာ ကျောင်းတွေမှာ မနီးစပ်နိုင်ဘူးပေါ့၊ ကျနော်တို့ရဲ့ ကျောင်းဆရာကြီး တယောက် ကတော့ ကျောင်းမှာချည်းဘဲ နေနေရင် အင်ဂျင်နီယာမဖြစ်သေးဘူးနော်လို့၊  ဆုံးမဘူး ပါတယ်..သူကိုယ်တိုင်လဲ ပြင်ပလုပ်ငန်းများမှာ လေ့လာအားကောင်းခဲ့လို့ အသက်ကြီးတဲ့အထိ အင်ဂျင်နီယာအဖြစ် လုပ်ငန်းတွေက အကူအညီတောင်းနေတာ ခံရတုံးပါ၊

ကျနော် ပြောချင်တာလေးက၊ Design ကိုသင်ကြားရလို့ သိနေပေမယ့်၊ Technical spec တွေကတော့ လုပ်ငန်းအတွေ့အကြုံ၊ သက်တမ်း စတာတွေက စကားပြောပါလိမ့်မယ်။ တခုတော့ရှိတယ်.. ဒီနေ့ခေတ်က အင်တာနက်ခေတ် ဆိုတော့ကာ၊ အဲဒါကြီး သုံးပြီးလေ့လာသင်ကြားရင် ပိုပြီး ၀ါရင့်တာ၊ မြန်လာမလား ဆိုတာလည်း တွေးမိပါတယ်။ ဒါကနောက်လူများကို၊ အားပေးခြင်းပါ။ အင်ဂျင်နီယာကောင်း တယောက်ဖြစ်ဘို၊့ သိထားရမယ့်၊ အချက်ကို ထောက်ပြထားလို့ ကျေးဇူးပါ။ ( အလုပ်ထဲမှာ Production Design ကိုကိုင်ပြီး၊ သုံးတဲ့အစိတ်ပိုင်း Spec များကွဲပြီး ငြင်းရ၊ ခုံရ၊ ရန်ဖြစ်ခဲ့ရ၊ မခေါါမပြောဖြစ်ခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်များသို့ အမှတ်တရ...)
 
ကိုထွန်း။ ကိုလင်း ခင်ဗျား..အခုလို၊ ညီငယ်၊ ညီမငယ် အင်ဂျင်နီယာတွေအတွက်၊ လုပ်ငန်းခွင်မှာ ကြုံလာနိုင်တဲ့ ကိစ္စကို၊ သတိပေးတဲ့ ကိုလင်း ရဲ့ စေတနာကိုလေးစားကျေးဇူးတင်ရပါတယ်။ ကိုလင်း ပြောသလို ဒီနေ့ခေါတ်က အင်တာနက်ခေါတ်ဆိုတော့ကာ၊ အဲဒါကြီးသုံးပြီး လေ့လာသင်ကြားရင်၊ ပိုပြီး ၀ါရင့်တာ မြန်လာနိုင်မယ်လို့၊ ကျွန်တော်လည်းယူဆပါတယ်။ အခုမျိုးဆက် ညီငယ်၊ ညီမငယ် အင်ဂျင်နီယာတွေက သင်ကြားရေးအထောက်အကူ၊ စက်ပစ္စည်းနည်းပါးတဲ့ အခြေအနေမှလာပေမယ့်၊ စူးစမ်းလေ့လာမှုမှာတော့ အားသန်ကာ၊ သဘောပေါက်လွယ်တာကို၊ သတိထားမိပါတယ်။
 
ကို Deepblue ။ ကိုထွန်း ရဲ့အတွေ့အကြုံက၊ စိတ်ဝင်စားဖို့ အလွန်ကောင်းတာနှင့်အမျှ၊ ပညာရယူ စရာတွေလည်း အများကြီးရှိနေတာတွေ့ရပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ ပြဿနာကို၊ ဖြေရှင်းတဲ့ အနေမျိုးနှင့် Bow Thruster motor ကို Full load မဆွဲတော့အောင်၊ Pitch control အပိုင်းက ကန့်သတ် ထိန်းချုပ်ပေးလိုက်တဲ့ စိတ်ကူးကိုလည်း သဘောကျတယ်ဗျ။

ဒါမှလည်း Generator No. (3) ကို Load % ဘယ်လောက် အထိခိုင်းနိုင်လဲ ဆိုတာရယ်၊ မော်တာ အခြေအနေ က အားလုံးကောင်းတယ်ဆိုတာရယ် သိသာထင်ရှားလာစေမှာလို့ မြင်ပါတယ်။
Generator No. (3) ရဲ့ Control Device တွေနဲ့ PLC Unit တွေ၊ Analog Unit တွေလောင်တဲ့ ကိစ္စ ကိုတော့ သိပ်ပြီး ဘ၀င်မကျလှဘူးဗျာ။ ဗို့အားခဏလေးကျတာရယ် Full Load နီးပါးအခြေအနေမှာ Current (860) A လောက် တက်သွားတာရယ်နဲ့ ဒီပစ္စည်းတွေ မလောင်သင့်ဘူးလို့ယူဆတာပါ။ အမျိုးအစားပြောင်းလဲပြီးစမ်းသပ်ကြည့်ခွင့်ရခဲ့လျှင်ကောင်းမယ်လို့ တွေးမိပါတယ်။

အကယ်၍ သူတို့တွေမလောင်တော့ဘူးဆိုရင်ရော အမှန်တစ်ကယ် စွမ်းအားအပြည့်သုံးနိုင်ခြင်းမရှိသေးတဲ့ BT အနေအထားကို ထပ်မပြင်တော့ပဲ ခွင့်ပြုထားနိုင်လောက်လား သိချင်ပါတယ်။ မကြာခဏလောင်တဲ့ ကိစ္စကြောင့်ရယ်၊ Bow Thruster Operation ကို စွမ်းအားပြည့်ရဖို့ရယ် ရည်ရွယ်ပြီးတော့ မူလ ဒီဇိုင်းကိုပြောင်းရ တာကတော့ အတော်ကြီးကျယ်တဲ့ ကိစ္စဖြစ်သွားတယ်လို့ထင်ပါတယ်။

BT ကို သီးသန့်မောင်းဖို့ ဒီဇိုင်းထုတ်ပြီး Interlock လုပ်ထားတာကို ကျော်ခွပြီး တစ်ဖက်Feeder ပေါ်က Generator နဲ့ Parallel လာတွဲနိုင်အောင် ပြင်ဆင်ဒီဇိုင်းလုပ်ပေးဖို့ဆိုတာ နည်းပညာအရ လွယ်ကူ သလောက် အင်ဂျင်နီယာတွေအနေနဲ့ လုပ်ပိုင်ခွင့်ကျော်နေတော့ ငြင်းကြမှာသေခြာတာပေါ့ဗျာ။ ကိုထွန်း တို့လို စီမံအဆင့်က အတည်ပြုပေးမှ တရားဝင်လုပ်ပေးရတာပဲကောင်းပါတယ်။

ကျွန်တော် Commissioning လုပ်ပေးခဲ့တဲ့ Bow Thruster တွေကတော့ Generator နှစ်လုံး Parallel မောင်းထားပြီးမှသာ Operation လုပ်ခွင့်ပြုတာတွေချည်းပါပဲ။ အပြစ်ရှာဖွေ ပြင်ဆင်ပေးခဲ့ရဖူးတဲ့ Thruster system တွေမှာလည်း အတူတူပါပဲ။

တစ်ခါတုန်းကပေါ့ဗျာ။ MSB Maker က Control mode ကို Manual ရွေးထားပြီဆိုရင် Parall မောင်း ထားတဲ့ Signal က BT Panel ဆီကို ရောက်မလာတော့ဘူး။ ဒါနဲ့ပဲ ကိုယ့်ရဲ့ BT စမ်းပြနိုင်ဖို့အရေး အတွက် ကိုယ်နဲ့ မဆိုင်တဲ့အပိုင်းကို Modification လုပ်ပေးမိပါရောလား။ နောက်အစင်းတိုင်းမှာ လုပ်ခိုင်းနေလို့ (ဒီလိုလုပ်ပေးတာကို အထက်ကလည်း မကြိုက်တာနဲ့) မနဲငြင်းခဲ့ရပါတယ်ဗျား။
စီမံရေးရာလူကြီးပိုင်းအချို့က ကိုထွန်း တို့လို နည်းပညာပိုင်းဝင်ရောက် အကြံဥာဏ်ကောင်းတွေပေး ဖို့နေနေသာသာ ဘယ်ပြဿနာဟာ ဘယ်သူ့တာဝန်ဆိုတာလောက်ကိုတောင် သိအောင် မကြိုးစားကြတော့ပါဘူးဗျာ။  

ကျွန်တော် Main Switch Board အပိုင်းတာဝန်ယူရပြန်တော့လည်း ဒီဇိုင်းက Bow Thruster Motor နဲ့ Stern Thruster Motor တစ်ခုခုကို Operate လုပ်ဖို့ Request Signal ရလာလျှင် (သုံးစွဲထားတဲ့ Load အနေအထားကိုတွက်ယူပြီး လက်ကျန်က လုံလောက်မယ်ဆို Generator နှစ်လုံး အပြိုင်မောင်းထားစဉ် မှာလဲ) PMS ကခွင့်ပြုပေးပါတယ်။ Manual mode အတွက်မှာတော့ Generator (3) လုံး အပြိုင်မောင်း ထားမှ ခွင့်ပြုစေတာကို Owner ကမကြိုက်ဘူးတဲ့ဗျာ။

Manual အတွက်မှာလည်း Generator နှစ်လုံး Parallel တွဲထားယုံနဲ့ Thruster နှစ်လုံးအနက် တလုံးပဲမောင်းတာကို ခွင့်ပြုပေးစေချင်တယ်ဆိုလို့ အထက်အမိန့်ရယူကာ ပြင်ပေးခဲ့ရပါတယ်။
အဲဒီအခြေအနေမျိုး မှာတော့ တစ်လုံးမောင်းထားပြီးလျှင် နောက်တစ်လုံးကို မောင်းမရအောင် Interlock ထည့်ပေးထားရတာမို့ Gen သုံးလုံးယှဉ်တွဲခဲ့ပြန်လျှင် မော်တာနှစ်လုံးစလုံးမောင်းနိုင်အောင် Bypass အနေအထားအတွက်ပါ ထည့်သွင်းပေးခဲ့ရပါတယ်။


အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖော်ပြခြင်း။ မြန်မာအင်ဂျင်နီယာဖိုရမ်၊  ကိုအောင်ဇော်ဦးကိုထွန်းကို blessing ကိုလင်းကို Htet Soe Paingကို Deep Blue ကို thurein 27 နဲ့ မအေရာမေ။

Image credit to : http://www.michaelsmithswitchgear.co.uk/,http://www.hitachi-ies.co.jp/


Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment